အနုပညာသတင်းများ

အိမ်ဝယ်ဖို့မနည်းကြိုးစားရဦးမယ်ဆိုတဲ့ ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်ကတော့ Myanmar Idol ကနေ အောင်မြင်ကျော်ကြားလာခဲ့ပြီး သီချင်းတွေဆက်တိုက်ဆိုရင်း အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်ပြီး ပရိသတ်အားပေးမှုတွေကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ရိုးသားမှုကိုအခြေခံတဲ့စရိုက်ရှိပြီး ဘာသာတရားလည်းကိုင်းရှိုင်းတယ်လို့ ပရိသတ်တွေကြားထဲမှာ မှတ်ချက်ပေးခံနေရသူလည်းဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က မကြာသေးမီက MC နဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ မိသားစုအရေးကိုဖြေကြားသွားခဲ့ပါတယ်။

ဖြိုးမြတ်အောင်က မိသားစုအတူတူနေဖို့လောလောဆယ်တော့အိမ်မဝယ်နိုင်သေးဘူးလို့ “အိမ်ကတော့မဝယ်နိုင်သေးပါဘူး။ အိမ်ဝယ်ဖို့မနည်းကြိုးစားရဦးမယ်။ အရင်ဆုံးခြံဝယ်ဖို့ကြိုးစားပြီးတော့မှပဲ အိမ်၊ ဒါပေမယ့် ကျွန်တော့် ဖီလင်ပေါ့နော်။ ရန်ကုန်မှာအခြေချချင်တဲ့စိတ်ကသိပ်မရှိဘူး။ ကိုယ့်အိမ်မှာပဲအေးအေးဆေးဆေးပြန်နေချင်တာ။ ဒါပေမယ့်အလုပ်နဲ့ပတ်သက်လာပြန်ရင်လည်းရန်ကုန်မှာမနေလို့ကမရဘူး။ အဲ့တော့ ခြံနဲ့အိမ်နဲ့ရှိဖို့တော့လိုတယ်လေ။ တိုက်ခန်းတွေဘာတွေကျတော့လည်းနေရတာကျဉ်းကြပ်တာပေါ့လေ။ ကိုယ်တစ်ယောက်တည်းဆိုရင်တော့ ကိစ္စမရှိပါဘူးလေ။ ကိုယ့်မိသားစုကိုယ့်အမေတွေပါပါလာတော့ အဓိကက အမေပေါ့။ သူမနေတတ်မှာစိုးလို့”လို့ ပြောပြထားပါတယ်။

အလှူအတန်းတွေမကြာခဏလုပ်ဖြစ်တဲ့အပေါ်ကိုလည်း ဖြိုးမြတ်အောင်က “လက်ရှိမှာတော့ ကျွန်တော် ဘုရားထီးထင်ပြီးသွားပြီ။ တောင်သူလေးတံတားဆိုလည်းဆောက်ပြီးတော့ ကျွန်တော်မတည်တယ်။ အခြားကြိုကြားကြိုကြားလိုအပ်တဲ့နေရာတွေဆိုလည်း စာသင်ကျောင်းလိုနေရာတွေလည်းကျွန်တော်သွားလှူဖြစ်တယ်။ ဘုရားတစ်ဆူပြင်တာလည်းကျွန်တော်ပြင်ပြီးပြီ။ လာမယ့်နှစ် နွေကိုထီးတင်မယ်။ ဘုရားတစ်ဆူ”လို့ ပြောပြထားပါတယ်။

Solo Album ထွက်ဖို့ကိုလည်း ဖြိုးမြတ်အောင်က “အခွေက Solo Album ထွက်ပြီးမှ နောက်ထပ်ကိုယ်လုပ်ချင်တဲ့ Album ထွက်လို့ရမှာဆိုတော့ Solo Album အပြီးကိုပဲစောင့်နေရတဲ့သဘောပေါ့။ Solo Album ခုနှစ်လပိုင်းထဲမှာပဲပြီးမယ်ဆိုရင် နောက် Album ဆယ်လဆယ့်တစ်လပေါ့။ အဲ့လောက်ပဲခြားမယ်ပေါ့။ Idol Album အနေနဲ့မထွက်ခင်မှာလည်း ကျွန်တော်တည်ပြီးသား Album က ရှိနေတာကိုး။ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတာပါ”လို့ ဖြေကြားထားပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုတွေကိုတော့ ဖြိုးမြတ်အောင်က “Solo Album ထွက်ပြီးသွားရင် Band နဲ့ ရှိတဲ့ vocal တွေနဲ့အတူတူ တွဲပြီးတော့ ပွဲလုပ်ဖို့ရှိတယ်ပေါ့။ စဉ်းစားဆဲပေါ့နော်။ Solo Album ထွက်ပြီးမှပဲအတည်ပြုလို့ရမှာဆိုတော့ ဟုတ်ကဲ့။ အခွေထွက်မယ်။ သီချင်းစုမယ်။သီချင်းတွေဖန်တီးမယ်ပေါ့နော်”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြိုးမြတ်အောင်ကိုချစ်ကြလား။ ဖြိုးမြတ်အောင်ရဲ့ Solo Album ထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

The post အိမ်ဝယ်ဖို့မနည်းကြိုးစားရဦးမယ်ဆိုတဲ့ ဖြိုးမြတ်အောင် appeared first on Nanmalgyi.