အိမ်ထဲနေရင်း လူ့ခန္ဓာကိုယ်အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းရင်းများ

တစ်ခါတစ်လေ အိမ်ထဲမှာနေရင်းနဲ့ ရုတ်တရက်နှာခေါင်းယားလာပြီး မရပ်မနားနှာချေတာမျိုးတွေ ကြုံဖူးမှာပါ။ အပြင်ထွက်တာလည်း မဟုတ်၊ အိမ်ထဲနေတာတောင် ဘာကြောင့်များ အရေပြားယားတာ၊ နှာခေါင်းထဲ ယားကျိကျိဖြစ်နေရတာလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။ တကယ်လို့များ စာဖတ်သူက အခုလို မကြာမကြာဖြစ်တတ်တယ်ဆိုရင်တော့ အိမ်ထဲမှာ ဒီလိုပစ္စည်းတွေရှိသလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။
အထပ်သားတွေနဲ့ ကြိတ်သားပရိဘောဂများ

ပရိဘောဂအသစ်တွေ ၀ယ်တဲ့အခါ အနံ့စူးစူးတစ်ခုကို ရလေ့ရှိပါတယ်။ ဒီအနံ့ဟာ VOCs နဲ့ ဖော်မာဒီဟိုက်ဒ်တွေက လေထဲကို ထုတ်လွှတ်တဲ့ရနံ့တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ သစ်သားအမျှင်အစအနတွေ၊ ကြိတ်ခွဲပြီး ပြုပြင်ထားတဲ့ ပရိဘောဂတွေထက်စာရင် သဘာဝသစ်ပရိဘောဂတွေက ပိုကောင်းတယ်ဆိုပေမယ့် အဖိုးကြီးမြင့်တဲ့အတွက် တော်ရုံမ၀ယ်နိုင်ကြပါဘူး။ ဒါကြောင့် အထပ်သားကြိတ်သားပရိဘောဂအသစ်တွေကို ၀ယ်ယူပြီးတဲ့အခါ သူတို့ဆီက ထွက်လာတဲ့ အခိုးတွေကို မရှူရှိုက်မိရအောင် လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးဖို့ လိုအပ်လှပါတယ်။
အိမ်စိုက်ပန်းပင်များ

အိမ်ထဲမှာ ပန်းပင်စိုက်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ လေကောင်းလေသန့်ရဖို့နဲ့ စိတ်ကြည်လင်လန်းဆန်းဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပင်အစိုက်မှားတဲ့အခါ အလာဂျီပြဿနာကို ဖြစ်စေပါတယ်။ ပန်းပင်တွေက ထွက်တဲ့ ပန်းဝတ်မှုံတွေကြောင့်ပဲ ဖြစ်ဖြစ်၊ အရွက်တွေပေါ်မှာ တင်ကျန်နေတဲ့ ဖုန်မှုန့်တွေကြောင့်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်အရေပြားယားယံတာ၊ နှာခေါင်းထဲ ယားယံတာတွေ ဖြစ်တတ်ပါသေးတယ်။ တစ်ခါတစ်လေမှာလည်း အပင်ရဲ့ အရည် ဒါမှမဟုတ် အပင်ဆီကိုလာတဲ့ ပိုးကောင်တွေကြောင့် အလာဂျီဖြစ်တာမျိုးလည်း ရှိနိုင်ပါသေးတယ်။
ဓာတုဓာတ်ပေါင်းတွေနဲ့ ပြုလုပ်ထားတဲ့ မွေ့ယာ၊ ဆိုဖာတွေနဲ့ ကော်ဇောများ

ဈေးကွက်ထဲမှာတော့ Synthetic နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ အိမ်သုံးပရိဘောဂပစ္စည်းတွေက အများကြီးပါ။ ဒါပေမယ့် ဓာတုဗေဒနည်းအသုံးပြုထားတဲ့ synthetic ပစ္စည်းအတုတွေကို အသုံးပြုမယ့်အစား တတ်နိုင်ရင် သဘာဝပစ္စည်းတွေနဲ့ ချုပ်လုပ်ထားတဲ့ အသုံးအဆောင်တွေကိုပဲ သုံးပေးပါ။ အိမ်ထဲက အိပ်ယာခင်း၊ ဆိုဖာနဲ့ ကော်ဇောတွေကို တစ်ပတ်တစ်ခါ လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားပေး လှမ်းပေးသင့်ပါတယ်။
အငွေ့ပျံနိုင်တဲ့ အော်ဂင်းနစ်ကွန်ပေါင်းတွေပါဝင်တဲ့ သုတ်ဆေးများ

အချို့သုတ်ဆေးတွေမှာ ပါဝင်တဲ့ ပျော်ဝင်ပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေဟာ ဆေးခြောက်သွားတဲ့အခါ Volatile Organic Compounds လို့ခေါ်တဲ့ VOC တွေ ထွက်ပါတယ်။ ဒီကွန်ပေါင်းတွေရဲ့ အငွေ့တွေဟာ နှာခေါင်း၊ မျက်လုံးနဲ့ လည်ချောင်းတွေဆီရောက်တဲ့အခါ ခေါင်းကိုက်တာ၊ မူးဝေတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သုတ်ဆေးဝယ်တဲ့အခါ VOC နည်းတာ ဒါမှမဟုတ် VOC လုံးဝမပါတဲ့ Dulux ၊ Nippon Paint စတဲ့သုတ်ဆေးမျိုးကို ၀ယ်ယူအသုံးပြုသင့်ပါတယ်။
ညစ်ပတ်နေတဲ့ အဲကွန်းတွေနဲ့ ပန်ကာများ

ညစ်ပတ်နေတဲ့ ပန်ကာတစ်လုံးဟာ အခန်းတစ်ခုလုံးကို ဖုန်ထစေနိုင်ပါတယ်။ အိမ်မှာ ပန်ကာသုံးတယ်ဆိုရင် ပန်ကာဒလက်တွေကို တစ်လတစ်ခါလောက်တော့ ပုံမှန်တိုက်ချွတ်ပေးသင့်ပါတယ်။ ဒါမှမဟုတ် အဲကွန်းသုံးတယ်ဆိုရင်လည်း အဲကွန်းရဲ့ လေစစ်ဇကာလေးတွေကို လတိုင်း ပုံမှန်ဆေးကြောပေးသင့်ပါတယ်။ ဒါမှ ဘက်တီးရီးယားတွေနဲ့ မှိုတွေက အဲကွန်းယူနစ်ထဲမှာ ပေါက်ပွားတာကို ကာကွယ်နိုင်မှာဖြစ်ပြီး ဆိုးဝါးတဲ့အနံ့အသက်တွေ မထုတ်လွှတ်နိုင်အောင်လည်း တားဆီးနိုင်မှာဖြစ်ပါတယ်။
လင်းလင်း (ShweMom)
Recent Comments