အနုပညာသတင်းများ

သားလေးက အဖိုးတွေအဖေတွေနဲ့ပိုတူတယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးရဲ့ သားလေး လီယမ်ခေါ် လွင်ထက်လေးဟာ အခုဆိုရင်အသက် ဆယ့်တစ်လရှိပြီဖြစ်ပြီး တော်တော်လေးလည်းသိတတ်နေပါပြီ။ ယွန်းဝတီလွင်မိုးကမကြာသေးမီက MCနဲ့အင်တာဗျူးမှာ သားလေး လွင်ထက်ရဲ့ ချစ်ဖို့ကောင်းတဲ့ အနေအထိုင်အမူအကျင့်လေးတွေကို ပရိသတ်တွေအတွက် ပြောပြပေးသွားပါတယ်။

သားလေးက လူကြီးတွေရဲ့မျက်နှာရိပ်မျက်နှာကဲအရမ်းကြည့်တတ်တယ်လို့ ယွန်းဝတီက “သားလေးရဲ့ဆံပင်ရှည်လေးတွေကိုချစ်လို့ဆိုပြီးမညှပ်ပေးဖြစ်ဘူး။ သားလေးရဲ့ ဝါသနာလေးတွေက သားလေးက သီချင်းနားထောင်ရတာကြိုက်တယ်။ လိုက်ကတတ်တယ်။ ကစားတတ်တယ်။ ပြီးတော့ လူကြီးမျက်နှာထားအရမ်းကြည့်တတ်တယ်ပေါ့။ ဟုတ်ကဲ့။ လူကြီးစိတ်မကောင်းဘူးဆို ဖက်ပြီးချော့တတ်တယ်။ အဲ့လိုလေးတွေရှိတယ်”လို့ပြောပြထားပါတယ်။

သားလေးက အဖိုးတွေအဖေတွေနဲ့ ပိုတူတယ်လို့လည်း “ညီမနဲ့တူတာကတော့အခုတော့အရမ်းမတူသေးဘူး။ စကားတွေဘာတွေပြောတတ်ရင်တော့ တူမှာပေါ့နော်။ ညီမလည်းသေချာတော့မပြောတတ်ဘူး။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီးမှ ယှဉ်ကြည့်လိုက်မှ ဟယ် တော်တော်တူတာပဲပေါ့။ အဲ့လိုမျိုးပေါ့။ တော်တော်များများက သူ့အဖိုးတို့အဖေတို့နဲ့အရမ်းတူတယ်။ ကြည့်လိုက်တိုင်းအဖေနဲ့ အရမ်းတူတာပဲလို့ လုပ်ပုံလေးတွေထိုင်ပုံလေးတွေက အဖေနဲ့အရမ်းတူတယ်ပေါ့နော်။ ဒါပေမယ့် သမီးအမျိုးသားရဲ့အဖေနဲ့ကျတော့လည်း အေးချမ်းတဲ့ပုံ၊ တူပါတယ်။သူက အကုန်လုံးရဲ့ အကောင်းဆုံး characteristic တွေရထားတယ်။ ညီမနဲ့က မျက်လုံးတို့ဘာတို့တူတယ်လို့ခံစားမိတယ်။ ပြီးတော့ ပြုံးရင်တူတယ်ပေါ့”လို့ ပြောထားပါတယ်။

သားလေးကို ကြော်ငြာတွေဘာတွေပေးရိုက်ဖြစ်ကြောင်းလည်း ယွန်းဝတီက “ကမ်းလှမ်းတာရှိတယ်။ လက်ခံတာတွေလည်းရှိတာပေါ့နော်။ အခု လီယမ်လေးနဲ့ ကြော်ငြာရိုက်ဖို့နှစ်ခုသုံးခုလောက်ရှိတယ်။ ကြော်ငြာကတော့ ဒီမိသားစုကိုရောက်လာပြီဆိုတော့ ရိုက်ရမှာပေါ့။ ညီမလည်းငယ်ငယ်လေးတုန်းကရိုက်ခဲ့တာပဲလေ။အဲဒါကြောင့်သူ့ကို ရိုက်ပေးဖြစ်တယ်”လို့ ပြောပြထားသလို လီယမ်လေးရဲ့ဓာတ်ပုံကို Social Media တွေမှာသိပ်မတင်ဖြစ်တဲ့အကြောင်းလည်း “ညီမအခုထိ Instagram တို့ Facebook တို့မှာ သူ့ပုံသိပ်မတင်ဖြစ်ဘူး။ ညီမ သူ့ကို အရမ်း protective ဖြစ်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့အင်တာနက်ပေါ်ဒီပုံက ထွက်သွားပြီိဆိုတာနဲ့ လူတွေကိုပြောခွင့်ပေးပြီပေါ့နော်။ လူတွေရဲ့ဝေဖန်မှုကို ပွင့်ပွင့်လင်းလင်းပြောခွင့်ပေးလိုက်သလိုမျိုးဆိုတော့ မတင်ချင်သေးဘူး။ ဒါပေမယ့် တကယ်ချစ်တဲ့ ပရိသတ်ကြီးရှိတယ်တကယ်ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက်တော့ မကူးယူပါနဲ့ဆိုပြီးတင်ဖြစ်တယ်”လို့ ဖြေကြားထားပါတယ်။

သားလေးကို ကြီးလာရင်အနုပညာလုပ်ခွင့်ပေးမှာလားဆိုတာနဲ့ပတ်သက်ပြီး “အခုမှဆယ့်တစ်လပဲရှိသေးတယ်။ နောက်ငါးနှစ်ဆယ်နှစ်အကြောင်းကို ညီမမစဉ်းစားရဲသေးဘူး။ ဘာလို့လဲဆိုတော့ ကလေးက အခုမှလူ့ဘဝထဲကိုဝင်လာသလိုပဲညီမစိတ်ထဲမှာ ။အခု ကင်မရာတွေလည်းသူမကြောက်ဘူး။ လူများရင်လည်းသူမကြောက်ဘူး။ အဲ့တော့ လူအများနဲ့ပတ်သတ်တဲ့လုပ်ငန်းတစ်ခုမှာအောင်မြင်မယ်လို့ညီမယုံကြည်တယ်။ ဒီအနုပညာလောကထဲမှာတော့ သူမပါမဖြစ်ရှိမှာပဲလေ။ အနုပညာလောကထဲမှာရှိမှာပဲဆိုတော့ ကြည့်ရတာပေါ့”လို့ ပြောသွားပါတယ်။

Credit: Nanmalgyi